(၃၃) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Posted on 28.07.2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၃) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရုံးအမှတ် (၃၄) ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အမှာစကားပြောကြားရာတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ပုံမှန်အစည်းအဝေးများကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုခြင်း၊ အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင် ခွင့်ပြုပေးလျက်ရှိကြောင်း၊ အထွေထွေအာမခံ ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် မီးအာမခံနှင့် မော်တော်ကားအာမခံများအတွက် အာမခံလျော်ကြေး ပေးချေမှုများ ဆောင်ရွက်ခဲ့ကြကြောင်း၊ တောင်သူလယ်သမားများအတွက် လိုအပ်သည့် သီးနှံ အာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းက ဆောင်းစပါးသီးနှံအမီ ပေါ်လစီရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း၊ သီးနှံများကြိတ်ခွဲပြီး သယ်ယူသည့်အခါတွင်လည်းကောင်း၊ သိုလှောင် သည့်အခါတွင်လည်းကောင်း လိုအပ်သည့် အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊ သယ်ယူ ပို့ဆောင်ရေးနှင့်သက်ဆိုင်သည့် အာမခံအကာအကွယ်များကို အာမခံကုမ္ပဏီများမှ ရောင်းချပေး လျက်ရှိကြောင်း ပြောကြားသည်။
အတွင်းရေးမှူးမှ ယခင်အစည်းအဝေး (၂/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် အသက်အာမခံ အမျိုးအစားသစ်နှင့် အထွေထွေ အာမခံအမျိုးအစားသစ် ဆောင်ရွက်ခွင့်ပြုရေး၊နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံးများနှင့် Adjusters & Surveyors ကုမ္ပဏီများမှ နှစ်စဉ်ကြေးပေးရာတွင် နောက်ကျပေးသွင်းခြင်းများအတွက် ဒဏ်ကြေးငွေများ သတ်မှတ်ခွင့်ပြုပေးနိုင်ရေးကိစ္စ၊ PwC MM မှ အာမခံကိုယ်စားလှယ် အရည်အချင်းစစ်စင်တာ တည်ထောင်ဖွင့်လှစ်မှု ဖျက်သိမ်းလိုကြောင်းကိစ္စ၊ အာမခံကုမ္ပဏီမှ ဒါရိုက်တာ အဖွဲ့ဝင်များ ပြောင်းလဲခန့်အပ်ခြင်းကိစ္စတို့ကို တင်ပြခဲ့ရာ တက်ရောက်လာကြသည့် အဖွဲ့ဝင်များမှ ဆွေးနွေးအတည်ပြုပါသည်။ ထို့နောက် အာမခံကုမ္ပဏီများမှ Chief Risk Officer၊ Chief Actuary ၊ Certifying Actuary နှင့် ဒါရိုက်တာခန့်အပ်ခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံးခွဲသစ်ဖွင့်လှစ်ခြင်းနှင့် နေရာပြောင်းရွှေ့ ဖွင့်လှစ်ခွင့်ပြုခြင်းကိစ္စတို့ကို တင်ပြရာ အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြပါသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ် အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့ အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေး လျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၂ မျိုးကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်းနှင့် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြ လာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
File Attachment :
Tags : # News and Announcements
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3