Ministry of Finance and Revenue

Financial Regulatory Department
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေး ကျင်းပ
Posted on 24.04.2024
post image

နေပြည်တော်  ဧပြီ ၂၃

    အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

    အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးရင်မောင်ညွန့်၊ အဖွဲ့ဝင်များဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

   အစည်းအဝေးတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့်အစည်းအဝေးသည် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (စတုတ္ထ) အကြိမ်မြောက် အစည်း အဝေးဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို စတင်ဖွဲ့စည်းပြီးချိန်မှစ၍ ချေးငွေများ မြန်ဆန်စွာ ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအား MSME လုပ်ငန်းကော်မတီ၏ အတည်ပြုချက်ဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်က ထုတ်ပြန်ခဲ့ ပြီး ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များမှ ချေးငွေလျှောက်ထားလိုပါက တင်ပြရမည့် လျှောက်လွှာ ပုံစံနှင့် ချေးငွေစိစစ်ရေးအဖွဲ့များက စိစစ်ရမည့် အချက်များအား MSME အေဂျင်စီမှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ အေဂျင်စီများသို့ ဖြန့်ဝေပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင်လည်း  အသိပေးရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများ စတင်လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာချက်အား ၁၀-၁-၂၀၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၊ MSME Web Portal နှင့် MOPF Website များတွင် ကြေညာခဲ့ပါကြောင်း၊ ဒေသဆိုင်ရာအေဂျင်စီများကလည်း ချေးငွေစိစစ်ရေးအဖွဲ့များ ဖွဲ့စည်းထားပြီး MSME လုပ်ငန်းရှင်များ၏ ချေးငွေအမှုတွဲများကို စိစစ်လျက်ရှိကြောင်း၊  ဆက်လက်၍ ၃၁-၃-၂၀၂၄ ရက်တွင် ကြေးမုံသတင်းစာနှင့် ၁-၄-၂၀၂၄ ရက်တွင် မြန်မာ့အလင်းသတင်းစာတို့၌ ထပ်မံကြေညာ ခဲ့ကြောင်း၊ MSME လုပ်ငန်းများအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုငွေကြေးများ ရရှိစေရန် ချေးငွေသတ်မှတ်ချက်နှင့် ဖြေလျှော့ပေးနိုင်မည့်ကိစ္စရပ်များကို အကြီးအကဲများ၏ လမ်းညွှန်မှု နှင့်အညီ ဆောင်ရွက်ပေးနိုင်ပါက MSME များအတွက် လိုအပ်သည့် ချေးငွေများ လွယ်ကူစွာ ရရှိပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုနိုင်မည်  ဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားသည်။  
    ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၃) အစည်းအဝေးဆုံးဖြတ်ချက်များနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များမှ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့်သက်ဆိုင်သည့်အချက်များအား ရှင်းလင်း တင်ပြခြင်းနှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့မှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းပါ အာမခံပစ္စည်းသတ်မှတ်ချက်နှင့် ၎င်းတို့အပေါ် ဖြေလျော့မှုများ ဆောင်ရွက်ပေးနိုင်မည့် နည်းလမ်း များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြပြီး လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ်ပုံစံ (၇) အား အာမခံအဖြစ် ရယူနိုင်ရေးကိစ္စ၊  ချေးငွေကို ငွေကြေးအစား စက်ပစ္စည်းဝယ်ယူပေးခြင်းဆိုင်ရာကိစ္စ၊ Participating Financial Institutions (PFIs) ဘဏ်များ ဖိတ်ခေါ်ရေးကိစ္စနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်အား PFI ဘဏ်အဖြစ် လက်ခံဆောင်ရွက်နိုင်ရေးကိစ္စများအတွက် အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
    ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လုပ်ငန်းလုပ်ဆောင်ရာတွင် ပြည့်စုံမှန်ကန်စွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချေးငွေစည်းမျဉ်း စည်းကမ်းသတ်မှတ်ခြင်းနှင့် ရန်ပုံငွေသုံးစွဲခြင်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရာတွင် လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီတို့၏ လမ်းညွှန်မှုများကို မူဝါဒပိုင်းဆိုင်ရာအချက်များအဖြစ် လိုက်နာဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားပြီး အစည်းအဝေးတွင် တင်ပြဆွေးနွေးချက် များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ရှေ့ဆက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်

File Attachment :

Tags :

Recent Posts

Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3

အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန လူငယ်ကဏ္ဍဆွေးနွေးပွဲကျင်းပ