(၃၆) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အစည်းအဝေး ကျင်းပ
Posted on 10.05.2024
နေပြည်တော် မေ ၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ဆွေးနွေးမှာကြားသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံ၏ အာမခံဈေးကွက်အနေဖြင့် ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နှစ်ထက်တစ်နှစ် အောင်မြင်တိုးတက်လာသည်ကို တွေ့ရ ကြောင်း၊ အာမခံ အမျိုးအစားသစ်များ တိုးချဲ့ထုတ်လုပ်နိုင်သကဲ့သို့ ပရီမီယံကြေးများ သင့်တင့်မျှတခြင်း၊ လျော်ကြေး ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ခြင်းတို့ကို တွေ့ရကြောင်း၊ နိုင်ငံတော်၏စီးပွားရေး မြှင့်တင်ရာတွင် လိုအပ်သည့်အရင်းအနှီးလိုအပ်ချက်အတွက် အာမခံကဏ္ဍမှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့သည်။
ထို့နောက် အတွင်းရေးမှူးက (၃၅) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင် ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက် အာမခံအမျိုးအစားသစ်များ လျှောက်ထားလာခြင်းကိစ္စ၊ နိုင်ငံခြားအာမခံကိုယ်စားလှယ်ရုံး ပိတ်သိမ်းခွင့် ပြုရန်ကိစ္စ၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်လိုင်စင် လျှောက်ထားခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ် တစ်ဦးမှ ပရီမီယံကြေးရငွေအလွဲသုံးစားပြုခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေး ခွင့်ပြုရန်ကိစ္စ၊ ဌာနတွင်း အာမခံကိုယ်စားလှယ်သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုရန် ကိစ္စများကို တင်ပြရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
အစည်းအဝေးတွင် အာမခံကုမ္ပဏီမှ မတည်ရင်းနှီးငွေအား ထုတ်ယူသုံးစွဲခွင့်ပြုနိုင်ပါရန် တင်ပြ လာခြင်းအား ခွင့်ပြုရန်ကိစ္စ၊ အာမခံကုမ္ပဏီမှ အစိုးရငွေတိုက်စာချုပ် ဝယ်ယူပြီးနောက် ကျန်ရှိနေသေး သော မတည်ရင်းနှီးငွေကို အသုံးပြုရန်ကိစ္စ၊ အာမခံကုမ္ပဏီမှ သင်္ကြန် Campaign အစီအစဉ်ကိစ္စ၊ အာမခံ ကုမ္ပဏီရုံးခွဲသစ် ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စတို့ကို တင်ပြရာ အဖွဲ့ဝင်များက မှတ်တမ်းတင်အတည်ပြုသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးမှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါ အဝင် စုစုပေါင်းအာမခံကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ်လိုင်စင်ရ အဖွဲ့ အစည်း ၂၃ ခုနှင့် ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း ၂၅ ခုနှင့် လျော်ကြေး ညှိနှိုင်းတွက်ချက်သည့် ကုမ္ပဏီ ၄ ခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အသက်နှင့် အထွေထွေအာမခံအမျိုးအစား ၅၁ မျိုးကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
File Attachment :
Tags : # News and Announcements
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3