(၃၅) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Posted on 09.02.2024
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၅) ကြိမ်မြောက် (ပုံမှန်) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၃၄) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေး၌ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် အာမခံလုပ်ငန်းကြီးကြပ်ရေး အဖွဲ့အနေဖြင့် ပုံမှန်အစည်းအဝေးများ ကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊နည်းဥပဒေများနှင့်အညီ အာမခံကုမ္ပဏီများမှ တင်ပြသည့် အာမခံအမျိုးအစားသစ်များ လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အာမခံသင်တန်းကျောင်းများနှင့် အာမခံရုံးခွဲ ဖွင့်လှစ်ရေးကိစ္စများ ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အာမခံကိုယ်စားလှယ်လျှောက်ထားလာ မှုများကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် အတွင်းရေးမှူးက ယခင် (၃၄) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံအမျိုးအစားသစ်များ လျှောက်ထားလာခြင်းကိစ္စ၊ အာမခံကုမ္ပဏီတွင် အစုရှယ်ယာပိုင်ဆိုင်သူအမည် ပြောင်းလဲခွင့်ပြုရန်ကိစ္စ၊ ကျန်းမာရေးအာမခံနှင့် စုပေါင်းအသက်အာမခံတွင် ကိုဗစ်-၁၉ အတွက် အပိုဆောင်းအကာအကွယ် သက်တမ်းတိုးခွင့်ပြုရန်ကိစ္စ၊ ကုမ္ပဏီအမည်ပြောင်း လျှောက်ထားခြင်းကိစ္စ၊ ကော်ပိုရိတ်အသက်နှင့်အထွေထွေ အာမခံကိုယ်စားလှယ်လိုင်စင် လျှောက်ထားခြင်းနှင့် လိုင်စင်ပြန်လည်အပ်နှံခြင်းကိစ္စ၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်ရုံးခွဲနှင့် ဌာနတွင်းအာမခံ ကိုယ်စားလှယ်သင်တန်းကျောင်းခွဲ ဖွင့်လှစ်ခွင့်ပြုရန်ကိစ္စများကို တင်ပြခဲ့ရာ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။
ထို့နောက် အာမခံကုမ္ပဏီမှ Chief Financial Officer ခန့်ထားခြင်းကိစ္စ၊ အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်လိုင်စင်များ ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံးခွဲသစ်ဖွင့်လှစ်ခြင်းနှင့် ရုံးချုပ်တည်နေရာပြောင်းရွှေ့ခြင်းကိစ္စတို့ကိုတင်ပြရာ အဖွဲ့ဝင်များကမှတ်တမ်းတင်အတည်ပြုကြသည်။
ဆက်လက်၍ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံပညာနှင့် အာမခံလုပ်ငန်းကဏ္ဍ ရှင်သန်ထွန်းကားရေးအတွက် ဆောင်ရွက်ရန် စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အာမခံကိုယ်စားလှယ် လေ့ကျင့်ရေးစင်တာများအား ရန်ကုန်မြို့တွင်သာမက မန္တလေးမြို့နှင့် အခြားမြို့ကြီးများတွင်လည်း တိုးချဲ့ဖွင့်လှစ်ခွင့်ပြုခြင်း၊ အာမခံကုမ္ပဏီများအနေဖြင့် အရင်းအနှီးဈေးကွက်တွင် ဝင်ရောက်ရင်းနှီးမြှပ်နှံခြင်းဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးမှာကြားသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ၅ ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ၉ ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ ၃ ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ၆ ခုနှင့် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် စုစုပေါင်း အာမခံကုမ္ပဏီ ၂၇ ခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း (၂၃) ခုနှင့် ကော်ပိုရိတ်အထွေထွေအာမခံကိုယ်စားလှယ် လိုင်စင်ရအဖွဲ့အစည်း (၂၂) ခုနှင့် လျော်ကြေး ညှိနှိုင်းတွက်ချက်သည့် ကုမ္ပဏီ (၄) ခုတို့မှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အသက်နှင့်အထွေထွေ အာမခံအမျိုးအစား ၄၈ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
File Attachment :
Tags : # News and Announcements
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3