(၃၄) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ
Posted on 20.11.2023
နေပြည်တော် နိုဝင်ဘာ ၇
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၄)
ကြိမ်မြောက် (ပုံမှန်) အစည်းအဝေး (၄/၂၀၂၃) ကို နိုဝင်ဘာလ (၇) ရက်နေ့၊
မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရုံးအမှတ် (၃၄) ရှိ အစည်းအဝေး ခန်းမ၌
ကျင်းပသည်။
အစည်းအဝေး၌ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက
အမှာစကားပြောကြားရာတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့်
ပုံမှန်အစည်းအဝေးများ ကျင်းပ၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေ
များနှင့် အညီ အာမခံကုမ္ပဏီများမှ တင်ပြသည့် အာမခံအမျိုးအစားသစ်များ
လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အာမခံကျွမ်းကျင်
ပညာရှင်များနှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံအာမခံအသင်းက
ပြင်ဆင်ရေးဆွဲထားတဲ့ မော်တော်ယာဉ် အာမခံပေါ်လစီအသစ်ကို ၁.၁၀.၂၀၂၃ ရက်နေ့မှာ
စတင်ကျင့်သုံးရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ အနေဖြင့်
ခွင့်ပြုခဲ့ပြီး New Motor Policy Launching Ceremony ကို ဈေးကွက်တွင်
စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်သည့်
အာမခံအမျိုးအစားသစ်များကို ထပ်မံ
ခွင့်ပြုရေးဆောင်ရွက်ပေးမည်ဖြစ်ကြောင်းတို့ကို ပြောကြားသည်။
အတွင်းရေးမှူးမှ ယခင်အစည်းအဝေး (၃/၂၀၂၃) ဆုံးဖြတ်ချက်များအပေါ်
ဆောင်ရွက်ပြီးစီးမှု၊ ယခုအစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ
ဆွေးနွေးဆုံးဖြတ်ရမည့် အသက်အာမခံ အမျိုးအစားသစ်များနှင့်
အထွေထွေအာမခံအမျိုး အစားသစ်ဖြစ်သည့် Electric Vehicle (EV) ယာဉ်များ အတွက်
အာမခံပေါ်လစီ အပိုအကာအကွယ် ပရီမီယံနှုန်း သတ်မှတ်ခွင့်ပြုပေးနိုင်ရေးကိစ္စ၊
ကော်ပိုရိတ် အသက်နှင့်အထွေထွေ အာမခံကိုယ်စားလှယ်
လုပ်ကိုင်ခွင့်ပြုနိုင်ရေးကိစ္စ၊ ဌာနတွင်းအာမခံ ကိုယ်စား
လှယ်သင်တန်းကျောင်းများ ဖွင့်လှစ်ခွင့်ပြုနိုင်ရေးကိစ္စများကို တင်ပြခဲ့ရာ
တက်ရောက်လာကြသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဆွေးနွေးအတည်ပြုပါသည်။
ထို့နောက် အာမခံကုမ္ပဏီများမှ Certifying Actuary နှင့် Chief Operating
Officer ခန့်ထားခြင်းကိစ္စ၊ အာမခံ ကိုယ်စားလှယ်လုပ်ကိုင်ခွင့် လိုင်စင်များ
ထုတ်ပေးခွင့်ပြုရေးကိစ္စ၊ အာမခံကုမ္ပဏီများမှ ကုမ္ပဏီရုံးခွဲသစ်
ဖွင့်လှစ်ခြင်းနှင့် Marketing Counter
ပြန်လည်ပိတ်သိမ်းလိုခြင်းကိစ္စတို့ကို တင်ပြရာ အဖွဲ့ဝင်များက
မှတ်တမ်းတင်အတည်ပြု ခြင်းများ ပြုလုပ်ပါသည်။
ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားရာတွင်
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ အာမခံကုမ္ပဏီ
များလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းနှင့် အာမခံအမျိုးအစားအသစ်များ
ခွင့်ပြုခဲ့ခြင်းကြောင့် Myanmar Financial Sector ၏ Non-bank Sector
တွင်ပါဝင်သော အာမခံလုပ်ငန်းကဏ္ဍသည် မှန်မှန်တိုးတက်နေပါကြောင်း၊
အထူးသဖြင့် ကိုဗစ်ကာလအတွင်း၌လည်း ကိုဗစ်နှင့်ဆက်စပ်သည့်
အာမခံအပိုအကာအကွယ်များ ဆောင်ရွက်ပေးခဲ့သဖြင့် ကျန်းမာရေးအာမခံကဏ္ဍကို
ပြည်သူများ ပိုမိုသိရှိနားလည်လာပါကြောင်း၊ နိုင်ငံခြားအာမခံကုမ္ပဏီများကို
ပြည်တွင်း၌ လုပ်ကိုင်ခွင့်ပြုခဲ့သည့်အတွက် နိုင်ငံခြားသားများထံမှ
နည်းပညာအကူအညီရရှိခြင်းအပြင် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း
ရရှိလာပါကြောင်း၊ အာမခံ အမျိုးအစားသစ်များအနေဖြင့် မော်တော်ယာဉ်အာမခံ၊
အသက်နှင့်အထွေထွေ အာမခံ အမျိုးအစား အသစ်များကို ခွင့်ပြုခဲ့ခြင်းကြောင့်
ယခင်ထက် အာမခံထားသူများအတွက် အကာအကွယ် ပိုမိုရရှိ လာပါကြောင်း၊ အလားတူ
အာမခံလုပ်ငန်းကဏ္ဍအတွက် အဓိကလိုအပ်သည့် အာမခံသင်တန်းကျောင်း များ၊
အာမခံကိုယ်စားလှယ်၊ ကော်ပိုရိတ်အာမခံကိုယ်စားလှယ်များစွာ
လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ
ပိုမိုဖန်တီးပေးနိုင်ခဲ့ကြောင်း၊ အာဆီယံနိုင်ငံများအကြား ဆက်ဆံမှုအနေ ဖြင့်
၂၀၁၉ ခုနှစ်တွင် အာဆီယံအာမခံလုပ်ငန်းကြီးကြပ်သူများ အစည်းအဝေး၊
အာဆီယံအာမခံကောင်စီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအား မြန်မာနိုင်ငံမှ
အိမ်ရှင်အဖြစ် ကျင်းပပေးပြီး အာဆီယံ အာမခံလုပ်ငန်းကြီးကြပ်သူများ
အစည်းအဝေးနှင့် အာဆီယံအာမခံကောင်စီအစည်းအဝေးသို့ မြန်မာ နိုင်ငံမှ
ပုံမှန်ပါဝင်တက်ရောက်လျက်ရှိခြင်းကြောင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသော
အာမခံလုပ်ငန်း ကြီးကြပ်မှုနည်းလမ်းများနှင့် နိုင်ငံတကာဆက်ဆံရေး
အတွေ့အကြုံများကို ရရှိခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင်
အသက်အာမခံကုမ္ပဏီ (၅) ခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ (၃) ခု၊
နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ (၉) ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ (၃)
ခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ (၆) ခုနှင့်
မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ (၂၇) ခုမှ
အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီ
များမှ အာမခံအမျိုးအစား (၄၆) မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။
သတင်းစဉ်
File Attachment :
Tags :
Recent Posts
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဒုတိယဦးစီးမှူးရာထူး လျှောက်လွှာခေါ်ယူခြင်း
၂၀၂၆ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ
Opening Ceremony of the Staff Professional Development Refresher Training Couse held Nay Pyi Taw, March 3